အရာအားလုံးအတွက် သီအိုရီ
သိပ်မြင့်မားတဲ့ ရည်မှန်းချက်တွေနဲ့
ရူပဗေဒကျောင်းသားလေးတစ်ယောက်ရဲ့ဘဝ။
ချစ်သူကိုတွေ့ရှိတယ်။
အချိန်ရဲ့ ကနဦးကို ရှာဖွေတယ်။
မဟာပေါက်ကွဲမှုကြီး မတိုင်ခင်က
တွင်းနက်ကြီးထဲပိတ်မိသွားတဲ့
အလင်းအကြောင်းကို သူတွေးတယ်။
ချစ်တဲ့သူအကြောင်းကိုတွေးတယ်။
မျှော်လင့်ချက် တလှေကြီးနဲ့
စကြဝဠာကြီးကို တွေးခေါ်နေတယ်။
ထင်မှတ်မထားတဲ့ထောင့်ချိုးကနေ
မော်တာနျူရုန်းရောဂါက ရောက်လာတယ်။
ဦးနှောက်ကလွဲရင်
ကြွက်သားတွေ သေကုန်မတဲ့။
ခန့်မှန်းခြေ နေထိုင်ခွင့် ၂ နှစ်တဲ့။
မျှော်လင့်ချက် အကြီးကြီးနဲ့ ပီအိတ်ခ်ျဒီ ကျောင်းသားတစ်ယောက်
နာကျင်နေတယ်။
ချစ်သူနဲ့ခွဲရမယ်ဆိုတဲ့အသိဟာ
ခေတ်အဆက်ဆက် နာကျင်စရာ အကောင်းဆုံး အတွေးတစ်ခုမဟုတ်လား။
ရဲရင့်တဲ့ ချစ်သူက
နှစ်နှစ်တာ ရှင်သန်ခွင့်ထဲမှာ
လိုအပ်ချက်တိုင်းကို အချစ်နဲ့ဖြည့်မယ်ဆိုပြီး လက်ထပ်လိုက်တယ်။
တဖြည်းဖြည်း ယိုယွင်းလာတဲ့ ကြွက်သားတွေနဲ့ပဲ
ရူပဗေဒရဲ့ ဥသျှောင် ဖြစ်လာတယ်။
ယိုယွင်းလာတဲ့ ကြွက်သားတွေနဲ့ပဲ
ကလေးသုံးယောက်အဖေဖြစ်လာတယ်။
နှစ်နှစ်အတွက် ပေးဆပ်နိုင်ပေမယ့်
နှစ်တွေကြာလာတော့
ဇနီးသည်က အပြောင်းအလဲလိုချင်လာတယ်။
အချစ်ဟာ
မေတ္တာတရားလို
ရေရှည်မခံဘူးပဲ။
အချိန်ဟာ
လောကကြီးကို သိပ်ခြယ်လှယ်တာပဲ။
ချစ်တဲ့သူတွေ လမ်းခွဲကြ၊
ချစ်တဲ့သူတွေ ပေါင်းဆုံကြ၊
ချစ်တဲ့သူတွေ ဝေးကွာသွားကြ၊
တစ်ချို့တွေ တွင်းနက်ထဲကျ။
အချိန်ဟာ စကြဝဠာရဲ့ တစ်နေရာမှာ စတင်ခဲ့၊
ဖွံ့ဖြိုးတိုးတက်လာခဲ့။
နာကျင်စရာတွေကို
မေ့သွားဖို့လည်း အချိန်လိုအပ်တာပဲ၊
အချိန်ရဲ့ သမိုင်းအကျဉ်းစာအုပ်ကို
လှုပ်နိုင်တဲ့ လက်ချောင်းလေးနဲ့ ရေးသားသွားခဲ့တယ်။
သူ အခုအထိ ရှင်သန်နေတုန်းပဲ။
အခုအထိ အလုပ်လုပ်နေတုန်း၊
ခုနစ်ဆယ်ကျော်ပြီ .....
သူ့ရဲ့ အကြောင်းကို သူပြန်ကြည့်ရင်း
တစ်ချို့နေရာတွေမှာ
သူ့ကိုယ်သူ ပြန်မြင်နေရသလိုပဲပြောတယ်။
သူ့ရဲ့စကားပြောစက်ကို
ရုပ်ရှင်ရိုက်တဲ့သူတွေကို
ပေးသုံးလိုက်သေးတယ်။
အခုတော့
မြေးကလေးတွေရဲ့ အဖိုးဖြစ်နေပြီ။
လောကကြီးကို
ဘီးတပ်ကုလားထိုင်ပေါ်မှာထိုင်ရင်း
ခြယ်လှယ်သွားနိုင်တဲ့
ပါရမီရှင်ကြီးတစ်ယောက်ရဲ့ ဘဝဟာ
တွေးချင်စရာ၊
ငေးချင်စရာ။
သူသည်
အချစ်ကိုတွေ့ရှိခဲ့ပြီး၊
အချစ်ကိုယ်တိုင်ဟာ
အချိန်ရဲ့ ခြယ်လှယ်မှုမှာ
ကျဆုံးသွားတာကို
ကိုယ်တိုင်ကြုံခဲ့သူတစ်ဦးပါပဲ။
စကြဝဠာထဲမှာ
ရှင်သန်နေရတာကိုက အလွမ်းဇာတ်ပါပဲ။ ။
With Peace,
Zephyr
Wednesday, December 31, 2014
ကြည့်မိတဲ့ရုပ်ရှင်များ - Night Crawler
သူခိုးတစ်ယောက်
သတင်းထောက်အလုပ် ဝါသနာပါသွားတော့
စက်ဘီးခိုးရောင်းပြီး ကင်မရာ တစ်လုံးဝယ်လိုက်တယ်။
အောင်မြင်ဖို့ဘာမဆို လုပ်မယ်ဆိုတဲ့ စိတ်ကူးဟာ
ကြောက်စရာ။
အနိဌာရုံကိုမှ
သတင်းထင်တဲ့ကမ္ဘာကြီးမှာ ....
လူဟာ သတင်းကို ဆာလောင်လာကြတယ်။
အဝေးက လှမ်းမြင်ရတဲ့
ကြောက်စရာကမ္ဘာကြီးမှာ
အန္တရာယ်ကင်းနေတဲ့ ခံစားချက်ကို
ကြိုက်လာကြတာပဲ။
အောင်မြင်လာတဲ့
ညသတင်းထောက်ဟာ
ပါးနပ်သထက် ပါးနပ်လာတယ်။
သူ့ကိုယ်သူ မြှင့်တင်တယ်။
တခြားသူတွေကို နင်းတက်တယ်။
အခွင့်အရေးသမားဖြစ်လာတယ်။
စွန့်စားပြီး ရိုက်ကူးတယ်။
ကင်မရာနှစ်လုံးနဲ့ ရိုက်ကူးတယ်။
အခင်းဖြစ်ပွားရာကို
ရဲတွေထက် အရင်ရောက်အောင်သွားတယ်။
သတင်းအတွက်
ဘာမဆို လုပ်မယ် ဖြစ်လာတယ်။
နောက်ဆုံး
လွတ်နေတဲ့ လူသတ်သမားတွေကို
လိုက်ရှာပြီး
ဖြစ်ရပ်မှန်သတင်းတစ်ပုဒ်လုပ်ဖို့
အကွက်ကျကျ စီစဉ်တယ်။
လစာတိုးတောင်းတဲ့
လက်တိုလက်တောင်း ကောင်လေးကို
သူ့ သတင်းတစ်ပုဒ်အတွက် စတေးပစ်လိုက်တယ်။
တကယ့်ကိုကြောက်စရာ
လူ့သဘာဝကြီး။
၂၀၁၄ မှာ တုန်လှုပ်သွားစေတဲ့
ရှားရှားပါးပါး ဇာတ်ကားလေးတစ်ကား ဖြစ်သလို၊
အလွန်နာကျင်စရာကောင်းတဲ့၊
လူသားတစ်ယောက်ရဲ့ အသိဥာဏ်ကို အလွဲသုံးစားလုပ်မှု တစ်ခုပါပဲ။
တုန်လှုပ်သွားမိပါတယ်။ ။
With Peace,
Zephyr
၂၀၁၄ ရဲ့ မကြည့်မဖြစ်ဇာတ်ကားထဲကို ထည့်လိုက်ပါတယ်။

Monday, December 29, 2014
ကြည့်မိတဲ့ရုပ်ရှင်များ - How to Train Your Dragon 2
ပထမကားမှာ Hiccup ခြေထောက်ပြတ်တယ်။
(သူရဲကောင်းဟာ ခြေလက်တွေ ပြတ်တတ်ကြောင်း Star Wars က သင်ကြားပေးခဲ့ပါပြီ)
ဒုတိယကားတွေဟာ
ပထမကားတွေကို
လိုက်မမီကြောင်း သက်သေပြဖို့
ခေတ်အဆက်ဆက် ကြိုးစားခဲ့ကြပါတယ်။
Hiccup အဖေ Stoick သီချင်းဆိုတဲ့အခန်း၊
Toothless အသိစိတ်ပျောက်သွားတဲ့အခန်း ဇာတ်ရှိန်မြင့်တယ်။
Toothless ကို Valka က upgrade လုပ်တဲ့အခန်း ရယ်ရတယ်။
Valka ပြောတဲ့ Some of us were just born different ဆိုတာလေးတော့ကြိုက်တယ်။ တစ်ချို့ဟာ မွေးကတည်းက လူများနဲ့မတူဘူးဖြစ်နေတာတဲ့။
toothless ဟာ နဂါးတွေရဲ့ ဘုရားဖြစ်သွားတာပါပဲ။
Aplha Dragon ဟာ နဂါးတွေရဲ့ ဘုရားပါပဲ။
နဂါးတွေရဲ့ ဘုရားဟာ လူတစ်ယောက်ရဲ့ မိတ်ဆွေ ဆက်ဖြစ်နေဖို့ ခက်မယ်ထင်တယ်။
ပျော်ပျော်နေတတ်တဲ့ နဂါးလေးကို ဘုရားဖြစ်သွားတဲ့ နဂါးလေးထက် ပိုချစ်တယ်။ ။

ကြည့်မိတဲ့ရုပ်ရှင်များ - Maleficent
အချစ်ကြီးရင်
အမျက်ကြီးတယ်။
အချစ်ဟာ
ကမ္ဘာမှာ ပြဿနာ အများဆုံးရှာခဲ့တာပါပဲ။
ကျိန်စာများဟာ
ပြန်ဖြေဖို့ ခက်ခဲတဲ့အကြောင်း၊
ချစ်ခြင်းတရားကို မေ့သွားဖို့ဟာ
အလားတူခက်ခဲကြောင်း
ကျနော်တို့ နားလည်ခဲ့ကြတာပါပဲ။
နတ်မိမယ်ကြီးလဲ ပုံပြင်ထဲကလောက် မဆိုးတော့ပါဘူး။
ဘုရင်ဖြစ်ဖို့အတွက်
ချစ်သူကို စွန့်တဲ့သူတွေ ရှိခဲ့ဖူးတဲ့ ကမ္ဘာမှာ .....
ချစ်ခြင်းတရားကို ဈေးတွက် မတွက် ဖို့ အရေးကြီးလာပြီ။

ကြည့်မိတဲ့ရုပ်ရှင်များ - Edge of Tomorrow
2011 က source code ကို ပြန်သတိရစရာ။
သတ်လို့မသေနိုင်တဲ့ ရန်သူတွေ။
ထပ်ပြန်တလဲလဲဖြစ်နေတဲ့ သံသရာတွေ။
ခရီးသွားချင်း ချစ်ကြ၊
ခရီးသွားချင်း မေ့ခဲ့ကြ။
ဒီဘဝကို Déjà vu တစ်ခုလို
ဖြတ်သန်းကြ။ ။
သတ်လို့မသေနိုင်တဲ့ ရန်သူတွေ။
ထပ်ပြန်တလဲလဲဖြစ်နေတဲ့ သံသရာတွေ။
ခရီးသွားချင်း ချစ်ကြ၊
ခရီးသွားချင်း မေ့ခဲ့ကြ။
ဒီဘဝကို Déjà vu တစ်ခုလို
ဖြတ်သန်းကြ။ ။
ကြည့်မိတဲ့ရုပ်ရှင်များ - X-Men: Days of Future Past
ထင်မှတ်မထားတဲ့တရားတစ်ပုဒ်ပဲ။
အကြောင်းကိုပြင်မှ အကျိုးပြင်ပြီးသားဖြစ်မယ်ဆိုတဲ့
ပဋိစ္စသမုပ္ပါဒ်ကို X-men မှာ ထည့်ဟောသွားတာ။
ကြည့်နေရင်း
သာဓုခေါ်နေမိတယ်။
ဒီတစ်ကားက ထင်ထားတာထက် တာသွားတယ်။
ရှေ့တစ်ကား ဂျပန်ကြီး သေချင်ယောင်ဆောင်တဲ့ကားနဲ့ ဘာမှမဆိုင်ဘူး။
လူတစ်ယောက် လက်စားမချေလိုက်ရင်၊
လူမျိုးတစ်မျိုး ပျောက်မယ့်ဘေးက ကင်းသွားနိုင်တယ်။
အဲဒီ သင်ခန်းစာဟာ ကြောက်စရာကောင်းအောင် လေးနက်လွန်းတယ်။ ။

ကြည့်မိတဲ့ရုပ်ရှင်များ - Dawn of the Planet of the Apes
လူကို မျောက်က
သဘောထားကြီးနေရ။
အဲဒီလို လောကကြီးမှာ
လူဖြစ်ရတာထက်
မျောက်ဖြစ်ရတာ ပိုမြတ်သလိုလိုပဲ။
မျောက်ဝံဟာမျောက်ဝံကို မသတ်ဘူးတဲ့။
လူကတော့ လူကို သတ်တာပဲ။
မြင်းစီးတဲ့မျောက်ထက်
ကျောင်းဆရာ မျောက်က အရေးပိုကြီးတယ်။
သေနတ်တွေမရှိရင်
ငြိမ်းချမ်းမှာလား။
နားလည်မှုမရှိရင်
ခရီးမဆုံးနိုင်ဘူး။
ကိုယ့်အသိုင်းအဝန်းကို ကာကွယ်ဖို့
တခြားသူကို မနှိပ်ကွပ်သင့်ဘူး။
ပထမကားလောက် မကြိုက်တော့ဘူး။
လက်နက်ကိုင်မျောက်ဟာ ထွက်ပြေးသွားတဲ့ မျောက်လောက်
လွတ်လပ်ခြင်းကို မပေးနိုင်တော့ဘူး ။ ။

ကြည့်မိတဲ့ရုပ်ရှင်များ - As Above, So Below
ဓာတ်လုံး လိုက်ရှာတာပဲ။
ရှာတော့တွေ့တယ်။
Paulo Coelho ရဲ့ အဂ္ဂိရတ်ဝိဇ္ဇာကြီးပြောသလို၊
လူတွေကို တန်ဖိုးရှိတာ ရှိတယ်ပြောလိုက်ရင် ရယ်စရာမှတ်ကြတာပဲ ဆိုတာကို
သတိရတယ်။
ပြင်သစ်မြေကျွံတာတွေ၊
မြေအောက်လမ်းတွေ၊
စွန့်စားသွားလာသူတွေ။
ရှေးဟောင်းပညာရှာဖွေသူတွေ။
အောက်ကိုဆင်းရင်း
အောက်ကိုထပ်ရောက်။
မထိုက်တန်သူဟာ
မရရှိ။
ထိုက်တန်သူဟာ
ရရှိ။
သို့သော် အသုံးမဝင်။
ရှင်သန်ခြင်းရဲ့
အသက်ရှူဝမှုကို
တန်ဖိုးထားတတ်ဖို့၊
ခက်ခက်ခဲခဲကြိုးစားရတာပဲ။
အလကားရနေတာတွေဟာ
အဖိုးအတန်ဆုံးပဲ။

ကြည့်မိတဲ့ရုပ်ရှင်များ - Robocop & Teenage Mutant Ninja Turtles
ကြည့်မိတဲ့ရုပ်ရှင်များ - Robocop & Teenage Mutant Ninja Turtles
၂၀၁၄ ရဲ့ အညံ့ဆုံး နှစ်ကား။
ပြောစရာတစ်ခုပဲ။
ကြည့်မိတာ နောင်တရတယ်။
၂၀၁၄ ရဲ့ အညံ့ဆုံး နှစ်ကား။
ပြောစရာတစ်ခုပဲ။
ကြည့်မိတာ နောင်တရတယ်။
ကြည့်မိတဲ့ရုပ်ရှင်များ - Gone Girl
Gone Girl
သူပျောက်သွားတယ်။
မင်္ဂလာနှစ်ပတ်လည်နေ့မှာ
ဖောက်ပြန်တဲ့ ယောကျာ်းဆီကနေ
သူ ပျောက်သွားတာပဲ။
သေသွားသလိုလိုပဲ။
ဇာတ်လမ်းအတိအကျနဲ့
သူပျောက်သွားတာပဲ။
သူ့သွေးအမျိုးအစားကို မသိတဲ့ ယောကျာ်းဆီကနေ
သူပျောက်သွားတာပဲ။
(ဒီနေရာမှာ ရုပ်ရှင်ကြည့်နေတဲ့ ဇနီးသည်က သူဘာသွေးလဲ ငါ့ကိုလှမ်းမေး)
နစ်ခ်(Ben Affleck) က သူ့အိမ်သူ အေမီ(Rosamund Pike) ကို ပြောတာ တစ်ခုပဲမှတ်မိတယ်။
You have a world class vagina တဲ့။
ဒါတောင် နောက်တော့ ကျောင်းသူတစ်ယောက်နဲ့ ငြိသွားတယ်။
ဇာတ်ကနာတယ်။
ရဲကလည်း ဒီလောက်တောင်မသိတဲ့ ယောကျာ်းကို သံသယဝင်တယ်။
သူ့မိန်းမကိုယ်ဝန်ရှိတာက အစမသိဘူး။
သူ့မိန်းမ သေနတ်ဝယ်တာလည်း မသိဘူး။
သူ့ကဒ်နဲ့ ပစ္စည်းတွေ ဝယ်တာလည်း မသိဘူး။
မီဒီယာတွေကလည်း
ထုံးစံအတိုင်း ဖွကြတယ်။
အေမီက ဇာတ်လမ်းတွေ လုပ်ထားတယ်။
အကွက်ကျကျပဲ။
သွေးတွေ သေချာထုတ်ပြီး
ကြမ်းပြင်ပေါ်ပက်တယ်။
သူ့ယောကျာ်း ကြမ်းတိုက်သလို
ဖြစ်ကတတ်ဆန်း ပြန်ဆေးထားလိုက်တယ်။
အားလုံး သူဆင်ထားတာပဲ။
သူ့ယောကျာ်းကို ထောင်ကျအောင်လုပ်တာတဲ့။
ကိုယ်ဝန်လည်း လုပ်ကြံတာပဲ။
ဇာတ်လမ်းတွေလည်း လုပ်ကြံတာပဲ။
တစ်ချို့လူတွေ ပုံပြောတယ်ကောင်း။
အေမီတွေ။
အံ့ဖွယ် အေမီတွေ။
အေမီလည်း ခံလိုက်ရတာတွေရှိတယ်။
ပိုက်ဆံအလုခံလိုက်ရတယ်။
နောက်ထပ် ဇာတ်လမ်းတစ်မျိုးရှာတယ်။
ရည်းစားဟောင်း သူကြွယ်ကြီးကို
ဖုန်းဆက်ခေါ်တယ်။
(အံ့သြစရာကောင်းတာက)
ရည်းစားဟောင်းကြီးက သူ့ကို ကားနဲ့သွားခေါ်တယ်။
နစ်ခ်ကတော့ ကိုယ်ဝန်ဆောင် မိန်းမကို သတ်တယ်ဆိုပြီး
လူမုန်းများနေပြီ။
အေမီကို လူတိုင်း ချစ်နေပြီ။
အမေရိကားက ကိုယ်ဝန်ဆောင်တွေကို ချစ်တာကို
အေမီက အသုံးချတာပဲ။
နောက်တော့
အေမီက ရုပ်သံတွေ့ဆုံခန်းက နစ်ခ်ရဲ့ တော်ကီကို ကြွေသွားတယ်။
နစ်ခ်ဆီပြန်သွားဖို့လုပ်တယ်။
ရည်းစားဟောင်းကိုပဲ
ခုတုံးလုပ်လိုက်တယ်။
ချစ်တဲ့သူဆီ ပြန်ရောက်ဖို့၊
မချစ်တဲ့သူကို ဒုက္ခပေးလိုက်တာပဲ။
...
ဒီတစ်ကွက် ရက်စက်တယ်။
လူဟာ နာကျင်တဲ့ နှလုံးသားတွေနဲ့
ခရီးနှင်ရတာပါပဲ။
အေမီ့မှာ ကိုယ်ဝန်တကယ်ရှိနေပြီး၊
အဲဒီကိုယ်ဝန်ဟာ နစ်ခ်ရဲ့ရင်သွေးဖြစ်အောင်
အေမီလုပ်ကြံထားပြီးပြီ။
လူဟာ နာကျင်တဲ့ နှလုံးသားနဲ့
ခရီးနှင်ရုံမကတော့ဘူး၊
ကသိကအောင့် ဒဏ်ရာတွေနဲ့လည်း
တွားသွားကြရသေးတယ်။
အေမီရဲ့ဇာတ်ညွှန်းထဲမှာ .....
လောကကြီး ပိတ်မိနေတော့တာပဲ။
World class V- ရှိတဲ့သူဆိုတော့လည်း ဆရာကျပေတာပဲ ...................။ ။

ကြည့်မိတဲ့ရုပ်ရှင်များ - Locke
Locke
လော့ခ်ဟာ ကွန်ကရစ်လောင်းတယ်။
မိန်းမတစ်ယောက်နဲ့ တစ်ညတာ ပျော်ပါးမိတယ်။
အဲဒီမိန်းမ ကိုယ်ဝန်ရှိသွားတယ်။
အဲဒီမိန်းမ ကလေးမွေးမယ့်ဆေးရုံဆီ
ကား ၂ နာရီကြာမောင်းသွားတယ်။
သူ့အမှားကို သူပြင်မယ်လို့ပြောတယ်။
မနက်ဖြန်မှာ အရေးကြီးတဲ့
ကွန်ကရစ်လောင်းရမယ့် ကိစ္စရှိတယ်။
သူ့ဘဝမှာ ကွန်ကရစ် အရည်အသွေးမီဖို့
သိပ်အရေးကြီးတယ်။
သူ့အမှားကို
သူ့မိန်းမကို ရှင်းပြရတယ်။
အမှားဟာ မှားဖို့လွယ်သလောက်
ပြင်ဖို့ ခက်တယ်။
သူ့သားအကြီးကောင်က
သူ့အဖေကို ဘောလုံးပွဲအကြောင်းပြောပြတယ်။
အဖေနဲ့အတူကြည့်ဖို့မျှော်တယ်။
လော့ခ်အဖေဟာ
လော့ခ်ကိုပစ်ထားခဲ့တယ်။
သူ့ဘဝမှာ
ဖခင်ပစ်သွားတာကို
ခံစားချက်ရှိခဲ့တယ်။
သူ့အလှည့်မှာ
ဒီလိုမဖြစ်ချင်ဘူး။
အဲဒါကိုပြင်ဖို့ကြိုးစားရင်း
အလုပ်ပြုတ်သွားတယ်။
မိန်းမနဲ့ကွဲဖို့ဖြစ်လာတယ်။
ကွန်ကရစ်လောင်းဖို့
ဒေါ်နယ်လ်ဒ်ကို အသေးစိတ်ညွှန်ကြားတယ်။
မွေးခါနီးလူနာကို အားပေးတယ်။
အတွေးထဲပေါ်လာတဲ့
သူ့အဖေနဲ့ငြင်းခုန်တယ်။
ဘဝမှာ
အမှားသေးသေးလေးတွေရှိပြီး၊
ဒဏ်ရာအကြီးကြီးတွေရကြတယ်။
ရိုင်ဖယ်ကျည်ဆံလို
ရှေ့ဖက်မှာ အပေါက်ကျဉ်းကျဉ်းလေးထင်ရပေမယ့်
ကျောဘက်မှာ တစ်အုံလုံးပွင့်ထွက်သွားတယ်။
လော့ခ်ဖုန်းပြောနေတယ်။
နောက်ဆုံး
လော့ခ်ရဲ့ ကလေးလေး ချောချောမွေ့မွေ့ မွေးသွားတယ်။
အပူတွေ အများကြီးကျန်သေးပေမယ့်၊
ခဏတော့ အေးသွားတာပဲ။ ။
LOCKE (2013), Tom Hardy

Friday, December 19, 2014
အရှိတရားဖြင့် အသိမှားခြင်း
အရှိတရားဖြင့် အသိမှားခြင်း
Hobbit ရှစ်ကားပြည့်တော့ Hobbyte ဖြစ်လာမလား။
ရည်းစားသက်တမ်းတစ်နှစ်က ပန်းပွင့်လေး လန်းဆန်းနေတုန်း။
လက်ကောက်ဝတ်ပြတ်ရှဒဏ်ရာနဲ့ လဲကျသေဆုံးနေတဲ့ အဖြူရောင်သတို့သမီးဟာ
ရေအိုင်ထဲမှာပွင့်တဲ့ကြာဖြူ။
နာကျင်တာကို သီချင်းလုပ်ဆိုတတ်တဲ့ အရွယ်ရောက်တော့ ...........
ဂစ်တာတစ်လက်ဟာ ပီပြင်သွား။
ဘယ်လောက်ညှိထားထား တစ်ချိန်မှာ ပြတ်တတ်တဲ့ ဂစ်တာကြိုးလေး၊
သိမ်းထားလိုက်တော့
အသံမမြည်တော့ဘူး။
တီးခတ်လိုက်ရင် ပြတ်ရဦးမယ်။
အတုယူမှားသူ နာကျင်စိတ်
သွေးအိုင်ထဲမှာ လဲရမလိုလို ၊
ထောင်းခနဲ ပြတ်လိုက်ရမလိုလို၊
ကော်ဖီတစ်ခွက်ဟာ
အတောင်ပံရရှိလာတဲ့အခါ
ကောင်းကင်ဘုံအထိ ပျံတက်သွား။
နာကျင်တာတွေ သီချင်းလုပ်ဆိုတတ်တဲ့ အရွယ်ရောက်တော့ .....
ကော်ဖီတစ်ခွက်ဟာ ကြယ်လို ပြန်ကြွေကျ။
လွမ်းရင်လည်း လွမ်းရဦးမယ်။ ။

Sunday, December 14, 2014
လရောင်ကပွဲ
လရောင်ကပွဲ
ရည်ရွယ်ချက် မယ်မယ်ရရ မရှိဘဲ၊
လရောင်ရယ်၊
စန္ဒရားသံရယ်၊
အရူးနှစ်ယောက်ရယ်။
ထပ်ဖြည့်ရရင်
သစ်ရွက်ကြွေသံရယ်၊
မြောက်ပြန်လေရယ်၊
စိတ်ငြိမ်ဆေးရယ်။
ခရီးဝေးကြီးကို ခြေထောက်နဲ့သွားလို့ မဖြစ်ရင်
စိတ်နဲ့သွားကြတယ်။
အမှန်တရားဟာ ဖြည်းဖြည်းချင်းပဲ အမြဲရောက်လာတယ်။
ချစ်ခြင်းတရားဟာ တစ်လမ်းမောင်းဆိုတာ မသိဘဲ၊
လမ်းမှားဝင်လာမိတဲ့အခါ
ထင်တာထက် ကြေကွဲရတာပါပဲ။
လရောင်ကို ကွယ်ထားတဲ့သစ်ရွက်ကို
နှလုံးသားသက်သက်နဲ့ ပြုလုပ်ကြတယ်။
လရောင်ကို ချိုးကောက်လိုက်ရင်
ကုမုဒြာကို ဖွင့်တဲ့သော့ ဖြစ်သတဲ့၊
ရည်ရွယ်ချက် မယ်မယ်ရရ မရှိဘဲ၊
လရောင်ကို အပြီးသတ်ကွယ်လိုက်မယ့်
အနက်ရောင်တိမ်တစ်အုပ်ကို
ကောင်းကင်ဆီလွှင့်တင်တယ်။
ဒါဟာ နောက်ဆုံးဖြစ်မှာပါလို့၊
လရောင်လည်းသိ၊
ငါလည်းသိတယ်။
ငေးမိတဲ့ လရောင်နဲ့ ဝေးကွာသွားဖို့
အနက်ရောင် တိမ်တစ်အုပ်ရဲ့
ပျံ့နှံ့အား အရေးကြီးတာပေါ့။
လရောင်ဟာ စံပယ်ပန်းပေါ်ကျတယ်။
လရောင်နဲ့လင်းတဲ့စံပယ်၊
လရိပ်နဲ့ မှောင်တဲ့စံပယ်၊
စံပယ်ပန်းတစ်ပွင့်ဟာ
နှစ်ပွင့်ဖြစ်သွားတယ်။
ချစ်ခြင်းတရားကိုလည်း ဒီလိုပဲနှစ်ခုခွဲထားလိုက်ရမယ်။
လရောင်ကပွဲမှာ
အဖြူရောင်ဝိုင်လေး နွေးသွားလို့
သွန်ပစ်လိုက်ပါပြီ။
ကုန်လွန်သွားတဲ့လရောင်သက္ကရာဇ်မှာ
စန္ဒရားသံအသစ်နဲ့ ဖြတ်သန်းသွားရလိမ့်မယ်။
ဥပေက္ခာတရားဟာ
လူပေါ်မှာ ထားရမှာမဟုတ်ဘဲ၊
အပြုအမူပေါ်မှာ ထားရရိုးမှန်ရင်
အပြုအမူပေါ်မှာ ထားရရိုးမှန်ရင်
လရောင်ရဲ့လင်းဖြာမှုကို
ဥပေက္ခာထားရမှာပါပဲ။
နှစ်ပေါင်းများစွာ
လရောင်နဲ့ဆောက်ထားတဲ့ အိမ်ကလေးကို
ပြန်လည်ဖြိုဖျက်ရမှာဖြစ်လို့
အချိန်တော့နည်းနည်းလိုတယ်။
ရှင်သန်လိုစိတ်လည်း
နည်းနည်းလိုအပ်တာပါပဲ။ ။
Zephyr
Wednesday, October 29, 2014
နှင်းဆီပန်းများ
နှင်းဆီပန်းများ
အုတ်ဂူတစ်ဂူဖုံးလွှမ်းသွားစေတဲ့ပန်းတွေပေါ့။ ဒီပန်းတွေရဲ့ ဘာသာစကားက အနက်ရောင်များပါပဲ။ ပြန်မရနိုင်တဲ့ မိခင်တစ်ယောက်ရဲ့အဝေးဆုံးခရီးဟာ ဦးခေါင်းထဲမှာ ခဏခဏဖြစ်နေတဲ့စစ်ပွဲ။ ငြိမ်းချမ်းရေးမရနိုင်ဘူး။ စိတ်ထဲမှာ မကြာမကြာ ထထတောက်နေတဲ့မီး၊ မီးတောင်ရှင်တစ်ခုရဲ့ လှုပ်ရှားမှုမျိုးနဲ့ လှုပ်လှုပ်နိုးနေတဲ့ အိပ်မက်ဆိုးများပါပဲ။ နေကောင်းသွားမှာပါဆိုတဲ့ စကားသံဟာ အိမ်မက်ထဲမှာတောင် အိမ်မက်ဆန်လွန်းနေတယ်။ ချမ်းသာတဲ့အခါမှာ ပါမလာမယ့် ချစ်ခင်တဲ့သူတွေနဲ့ ဆင်းရဲတွင်းမှာ နည်းနည်းလောက်ပိုပြီး အတူနေလိုက်ဖို့ကောင်းတယ်။
အမှတ်ရစရာတွေကို အမှတ်မရတော့တဲ့အထိ၊ စီးဆင်းနေတဲ့ ရေတွေ ရပ်တန့်သွားသလိုဖြစ်စဉ်တစ်ခုခု၊ ထူးကဲဒီရေနဲ့ ကြိုတင်သတိပေးချက်တွေ၊ စောင့်ဆိုင်းရတဲ့ ကားမှတ်တိုင်တွေ၊ ပြန်မလာတဲ့ခရီးသွားဟာ ပြန်မလာတော့ဘူးဆိုတာ သူကိုယ်တိုင် သိမသွားနိုင်ခဲ့ပါဘူး။
ဒဏ်ရာရနေ့စွဲများ .. တစ်ရက်ပြီးတစ်ရက်။ ခေါင်းထဲကထုတ်ထားလိုက်၊ စိတ်ထဲမှာရောက်လာလိုက်။ ခဏမစဲပြသနေတဲ့ အလွမ်းဇာတ်။ omega မသေသ၍ alpha က date တွေ reset လုပ်လို့ရတယ်ဆိုတဲ့ edge of tomorrow ဇာတ်ကားဆန်ဆန်။ အလွမ်းဟာ မြို့ပတ်ရထားလို ၊ တစ်ရက်ပြီးတစ်ရက် မြို့ထဲကမထွက်နိုင်ဘူး။ တစ်ပတ်ပြီးတစ်ပတ် မမြင်ရတဲ့ကြိုးတွေနဲ့ ရစ်ချည်ပတ်ထုံးနေလိုက်တာ။
မငိုပေမယ့် မမြင်ရတဲ့ မျက်ရည်တွေဟာ သွေးထဲမှာ လွန်းထိုးသွားလာနေကြတယ်။ အချိန်နာရီတွေရဲ့ရုတ်တရတ် အဓိပ္ဗာယ်မဲ့သွားမှုဟာ ဘယ်လိုမှ ပြန်တိုက်ထားလိုက်လို့ မရတော့ဘူး။ သေလောက်သော ပြတ်ရှဒဏ်ရာများဟာ စိတ်ရဲ့အနှံအပြားမှာ ထင်ရှားတဲ့ဖြစ်ပျက်။
အိပ်စက်ချိန်များဟာ တောင်ပံပေါက်ပြီး ပျံသန်းသွားကြ။ ဆိုးရွားကိုက်ခြစ်တတ်တဲ့ rodents တွေဟာ တပ်နဲ့ချီပြီး စိတ်ကိုကိုက်နေ၊ခြစ်နေ၊ တူးထုတ်နေကြ။
ဘယ်တော့မှ မရင့်ကျက်လာတဲ့ နောင်တတရားရဲ့ မနက်ဖြန်၊ အမြင့်မပျံတော့တဲ့ငှက်များ။ တံခါးပေါက်တိုင်းဟာ အန္တရာယ်အမှတ်အသားနဲ့ ဦးခေါင်းခွံကို လက်ဖျံနှစ်ချောင်းခတ်ထားလိုက်ပြီ။ ထပ်မံသွားစရာမရှိတော့တဲ့ဘဝရဲ့အပိတ်။ ငြိမ်ငြိမ်လေးရပ်နေလိုက်ဖို့ပါပဲ။
ဆွံ့အသွားတဲ့တေးသံ၊ ကွဲကြေသွားတဲ့ရေအိုးများနဲ့အတူ၊ အသံဝင်သွားတဲ့ ဥသြတွေ၊ နွေဦးရဲ့ ဆယ့်နှစ်လရာသီပြန့်ကြဲသွားမှုဟာ ဝိဉာဉ်နှုတ်အခင်းအကျင်းဆန်လွန်းခဲ့တာပေါ့။ ကြွေကျသွားတဲ့သစ်ရွက်တွေဟာဝေးလံခရီးကို နှင်ကြရဦးမှာပဲမဟုတ်လား။
ကောင်းစွာသွားနှင့်ပါ .....။ ။
Regards,
Z
သူဟာ တစ်ခုမှမပျက်ကွက်ခဲ့ဘူး။ မနက်ခင်းကော်ဖီကနေ ညစာအထိ။ ရည်းစားကိုပေးမယ့် စံပယ်ပန်းကနေ အသည်းကွဲချိန်နားထောင်ဖို့ စီဒီဓာတ်ပြားဖိုးအထိ။ တစ်ခုမှမပျက်ကွက်ခဲ့ဘူး။
ကောင်းစွာသွားနှင့်ပါ .....။ ။
Regards,
Z
သူဟာ တစ်ခုမှမပျက်ကွက်ခဲ့ဘူး။ မနက်ခင်းကော်ဖီကနေ ညစာအထိ။ ရည်းစားကိုပေးမယ့် စံပယ်ပန်းကနေ အသည်းကွဲချိန်နားထောင်ဖို့ စီဒီဓာတ်ပြားဖိုးအထိ။ တစ်ခုမှမပျက်ကွက်ခဲ့ဘူး။
သတိရပါတယ်မေမေ။
Sunday, October 12, 2014
လေလွင့်ဝေးလံ
လေလွင့်ဝေးလံ
ဒဏ်ရာနှစ်မျိုး၊
တစ်မျိုးက မသေ၊
တစ်မျိုးက သေ။
အချစ်နှစ်မျိုး၊
တစ်မျိုးက ရက်လွန်နေ့စွဲပါ၊
တစ်မျိုးက ထာဝရ။
အိမ်မက်နှစ်မျိုး၊
တစ်မျိုးက လင်းလက်၊
တစ်မျိုးက မှုန်ဝေ။
ခရီးကနှစ်မျိုး၊
ပြန်လမ်းရှိ၊
ပြန်လမ်းမဲ့။
သေခြင်းကနှစ်မျိုး၊
ပြုံးသေ
မဲ့သေ။
နာကျင်တာတွေကို
စက္ကူလှေလေးခေါက်ပြီး၊
မျှောလိုက်တာ ......
အမေ့အုတ်ဂူဆီရောက်ပါ့မလား။ ။
Zephyr
Mum, it had been six years.
We still get your love and kindness.
R.I.P
Saturday, September 20, 2014
အနက်ရုပ်ကိုကောက်ကိုင်လိုက်တယ်။
အနက်ရုပ်ကိုကောက်ကိုင်လိုက်တယ်။
------------------------------------------------
မနေ့ည စစ်တုရင်ပြန်ကစားကြတော့ ငါအရုပ်အဖြူ။
တစ်ဘဝလုံး အရုပ်အဖြူနဲ့ပဲ ငါတိုက်ခိုက်တယ်။
ဘယ်တော့မှ အလံမလဲတဲ့မြင်းသည်တော်။
မာရေကျောရေ ရဲတိုက်ကြီး။
ဘယ်ဘက်မှာ ငါ့မြင်းကို ဗဟိုလေးကွက်ကို အုပ်ထားမယ်။
အမြဲဒီလိုပဲ။
ငါက အမြဲဒီလိုပဲ။
ငါက အမြဲဒီလိုပဲ။
နောက်ဆုံးမှာ
ငါ့မှာ အမြဲ လွတ်ကျွတ် ပွန်းတစ်ကောင်ရှိတယ်။
နောက်ဆုံးမှာ
အမြဲတမ်း တစ်ကွက်သာနေတဲ့ အခြေအနေကောင်းအရုပ်ရှိတယ်။
အကြောင်းကောင်းတစ်ခုရှိတယ်။
ဟိတလို့ခေါ်တဲ့တစ်ခုပေါ့။
အနက်ရောင်မယူချင်ဘူး။
စောင့်ဆိုင်းခြင်းဟာ ပျင်းရိစရာ။
စောင့်ဆိုင်းခြင်းဟာ ပျင်းရိစရာ။
စောင့်ဆိုင်းခြင်းဟာ ပျင်းရိစရာ။
အမြဲတစ်လှည့်နောက်ကျနေရတာ ပျင်းစရာ။
နိုင်မှာသေချာရင်
ကစားရုပ်တွေအားလုံးလဲပစ်နိုင်တယ်။
မသေချာမှုတွေနဲ့
အလဲအထပ်လုပ်ကြတဲ့ ခေတ်ထဲမှာ
ငါ့အကွက်တွေ အံမဝင်ဘူး။
လောကမှာ
တစ်ချို့အရက်ခွက်ကို ကောက်ကိုင်လိုက်သလို
အနက်ရုပ်ကိုကောက်ကိုင်လိုက်တယ်။
e4-c5
ခုခံနေရတာပဲ။
လောကဓံအဖြူ
လူ အနက်
ဂလဲ့တစ်ကွက်နာနေတယ်။
အချိန်အသာစီးမရဘူး။
နည်းနည်းခက်နေတယ်။
နည်းနည်းခက်နေတယ်။
နည်းနည်းခက်နေတယ်။
အနက်ရုပ်ကိုကောက်ကိုင်လိုက်တယ်။
အနက်ရုပ်ကို ကောက်ကိုင်လိုက်တယ်။
ဟင်းလင်းပွင့် ဘိရှော့ပ်လိုင်းတစ်ခုလိုချင်တယ်။
....
လွတ်ကျွတ်ပွန်းတစ်ကောင်လိုချင်တယ်။
သရေပွဲတော့ မလိုချင်ဘူး။ ။
Zephyr
ခရီးသွားရင်း၊ အမြည်းစားရင်း
ခရီးသွားရင်း၊ အမြည်းစားရင်း
သိပ်အဝေးကြီးသွားတော့လည်း
ခြေညောင်းတယ်။
ရပ်နေပြန်တော့လည်း
ပြတ်ကျန်ခဲ့သလိုလိုပဲ။
လက်ခုပ်သံကြောင့် ပြေးတဲ့ ချန်ပီယံလည်း
လက်ခုပ်သံနဲ့အတူ ပြီးဆုံးသွားပြီ။
အဝေးမှာ
အဝေးပဲရှိတယ်။
အဲဒီအထိ သွားမှာလား။
ပြန်ကြည့်တော့
အရိပ်ဟာ
အတိတ်မှာ ကျန်နေခဲ့သလိုလိုနဲ့
ဖိနပ်ပေါက်နေတာပါလား။
ငါကယ်မှဖြစ်မယ့်အရာ
တစ်ခုမှမရှိသေးတဲ့အတွက်
ကျေနပ်ပါတယ်။
စစ်သွေးလည်းမကြွခဲ့သလို
ရေဒီယိုသတ္တိလည်းမကြွခဲ့ပါဘူး။
အိမ်မက်ထဲက ခြင်္သေ့တွေ၊
အိမ်မက်ထဲက အံဆွဲထဲမှာ၊
ညပ်ကျန်ရစ်ခဲ့တာ။
ပန်းပွင့်တွေဟာ
ကောင်းကင်မှာ ပွင့်တော့
ကြယ်တွေအမှတ်နဲ့
ငေးရပြန်တာပါပဲ။ ။
Zephyr
သိပ်အဝေးကြီးသွားတော့လည်း
ခြေညောင်းတယ်။
ရပ်နေပြန်တော့လည်း
ပြတ်ကျန်ခဲ့သလိုလိုပဲ။
လက်ခုပ်သံကြောင့် ပြေးတဲ့ ချန်ပီယံလည်း
လက်ခုပ်သံနဲ့အတူ ပြီးဆုံးသွားပြီ။
အဝေးမှာ
အဝေးပဲရှိတယ်။
အဲဒီအထိ သွားမှာလား။
ပြန်ကြည့်တော့
အရိပ်ဟာ
အတိတ်မှာ ကျန်နေခဲ့သလိုလိုနဲ့
ဖိနပ်ပေါက်နေတာပါလား။
ငါကယ်မှဖြစ်မယ့်အရာ
တစ်ခုမှမရှိသေးတဲ့အတွက်
ကျေနပ်ပါတယ်။
စစ်သွေးလည်းမကြွခဲ့သလို
ရေဒီယိုသတ္တိလည်းမကြွခဲ့ပါဘူး။
အိမ်မက်ထဲက ခြင်္သေ့တွေ၊
အိမ်မက်ထဲက အံဆွဲထဲမှာ၊
ညပ်ကျန်ရစ်ခဲ့တာ။
ပန်းပွင့်တွေဟာ
ကောင်းကင်မှာ ပွင့်တော့
ကြယ်တွေအမှတ်နဲ့
ငေးရပြန်တာပါပဲ။ ။
Zephyr
Thursday, August 14, 2014
ငါတို့ခေတ်
ငါတို့ခေတ်
========
လက်ဖက်ရည်ဆိုင်ထိုင်ရင်း
လူသတ်တယ်။
ခေတ်ကြီးက
ပျော်မယ်ဆိုရင် ပျော်စရာကြီး၊
သူ့အမေကပြောတယ်။
ကလေးက လူရမ်းကားမဟုတ်ဘူးတဲ့။
အေးဆို။
Zephyr
========
လက်ဖက်ရည်ဆိုင်ထိုင်ရင်း
လူသတ်တယ်။
ခေတ်ကြီးက
ပျော်မယ်ဆိုရင် ပျော်စရာကြီး၊
သူ့အမေကပြောတယ်။
ကလေးက လူရမ်းကားမဟုတ်ဘူးတဲ့။
အေးဆို။
Zephyr
Tuesday, August 5, 2014
လမ်းခုလတ်
လမ်းခုလတ်
တော်လှန်ရေးမှာ တစ်ချို့ကအသက်စတေးတယ်။
ခင်ဗျားက လက်တစ်ချောင်း ပျက်သွားတယ်။
ကဗျာရေးလို့ လက်ကို တူနဲ့ခေါက်တယ်။
တစ်ပါဒတစ်ချက်နှုန်းလည်းဖြစ်ကောင်းဖြစ်မယ်။
ဒါပေမယ့် သမိုင်းက ခင်ဗျားကို သိတယ်။
ချန်မထားဘူး။
ခင်ဗျားက ကဗျာကိုရေးတယ်။
ကဗျာက သမိုင်းကိုရေးတယ်။
သမိုင်းက သေသွားတဲ့ ကျောင်းသားတွေကို မမေ့ဘူး။
နိုင်ငံရေးသမား အစုတ်အပြတ်တွေနဲ့
အာဏာရှင်စံနစ်သာ ကျဆုံးမယ်။
ကျောင်းသားတွေရဲ့ ခြင်္သေ့နှလုံးသားဟာ
အလံမလဲဘူး။
ကျောင်းသားဟာ ခေတ်အဆက်ဆက်
မတရားမှုကိုတော်လှန်တယ်။
သမိုင်းတာဝန်ကိုခွဲယူတယ်။
ကျောင်းသားဟာ မကြောက်ဘူး။
မိုးပေါ်ထောင်မပစ်တဲ့ကျည်ဆံဆီ
ပြေးဝင်သွားတယ်။
ထောင်စောင့်တွေ ရိုက်မယ့်တုတ်ဆီ
ပြေးဝင်သွားတယ်။
အနုပညာသစ်ဆီပြေးဝင်တယ်။
တစ်ယောက်ချင်းပစ်ချနေတဲ့
ဒေါင်းအလံကိုင်လက်တွေဆီ ပြေးဝင်တယ်။
ခွေးသေဝက်သေပေါ့။
ပြေးပြေးဝင်တယ်။
ခင်ဗျားဟာ
တစ်ချိန်က ကျောင်းသားတွေလို
ချစ်တဲ့ကျောင်းကိုစွန့်ခွာပြီး
ရက်စက်တဲ့ကျောင်းမှာ
စာဆက်သင်ကြတယ်။
မကောင်းတဲ့ခေတ်ကြီးမှာ
ခင်ဗျားတို့က စံပယ်ပင်စိုက်တယ်။
ကျနော်တို့က ရနံ့ကိုရှူရှိုက်တယ်။
တစ်ခါတစ်လေ အားနာကြတယ်။
အနုပညာကို၊
ခင်ဗျားတို့ကို၊
ဒေါင်းအလံကို
အားနာကြတယ်။ ။
Zephyr
(ဘဂျီး တာရာမင်းဝေ ... ကောင်းရာသုဂတိလားရောက်ပါစေ)

Thursday, July 31, 2014
ဂလိုဘယ်လိုင်ဇေးရှင်း
ဂလိုဘယ်လိုင်ဇေးရှင်း
===================
အဖိုးမဝယ်နိုင်ခဲ့တဲ့မြေကွက်
မြေးလက်ထက်မှာ မဝယ်နိုင်သေးဘူး၊
သို့ပေမယ့်
အိမ်မက်တွေ လက်ဆင့်ကမ်းရုံ၊
နေထိုင်ခဲ့ကြ။
ခေတ်ကြီးကို ဘာဖြစ်တယ်ညာဖြစ်တယ်မပြောနဲ့၊
ကျောပူလာရင်မှောက်အိပ်၊
ခေါင်းအုံးပူရင် အေးတဲ့အခြမ်းလှည့်အုံး၊
နေသာသလိုနေကြ။
သွားတိုက်ဆေးကုန်တဲ့နေ့
ဆားနဲ့ သွားတိုက်ကြ။
ဆန်ပုံးထဲ ဆန်ကုန်တဲ့နေ့
ဥပုသ်စောင့်လိုက်ကြ။
ငါတို့အရပ်၊ငါတို့ဇာတ်
တိတ်တိတ်လေးကကြ၊
မပေါဘူး၊ မပေါဘူးဆိုပေမယ့်
ပေါတာတွေလည်း ရှိပါတယ်၊
ကင်ဆာပေါတယ်၊
သွေးလွန်တုတ်ကွေးပေါတယ်၊
ဆေးမကုနိုင်တဲ့သူပေါတယ်။
အဲ...
ဘွဲ့ရလည်းပေါတယ်။
မပေါတာတွေလည်း ရှိတာပေါ့၊
ရှားနေတာတွေ မပေါဘူး။
ပိုက်ဆံသာ များများရှာလာခဲ့၊
မကုန်သေးသ၍ ပျော်စေရမယ်
ဒီလိုအာမခံတဲ့ ပျော်ပွဲစားရုံ။
သွားချည်ပြန်ချည်ပါပဲ၊
အခြေချဖို့ကြိုးစားလိုက်တိုင်း
သစ်ကိုင်းက ကျိုးကျိုးကျ၊
ကျလာတဲ့သစ်ကိုင်းတိုင်း ပျားတစ်အုံပါလာနေကျ၊
ပျော်ပါတယ်။
အေးပါတယ်။
ငြိမ်းပါတယ်။
တို့ခေတ်ရောက်မှ ညံ့ရမှာလားမလုပ်ပါနဲ့၊
တို့တွေက ဆိုးမွေခံတွေပါ။
*အေးဆို။
Zephyr
*အေးဆို=အေးပါဆို၏အတိုကောက်။
အေးပါဆို=အေးပါဆိုနေမှ၏အတိုကောက်။
အေးပါဆိုနေမှ=အဟုတ်ပဲ၊တကယ်ပဲ၏အတိုကောက်။
*အေးဆို=အေးပါဆို၏အတိုကောက်။
အေးပါဆို=အေးပါဆိုနေမှ၏အတိုကောက်။
အေးပါဆိုနေမှ=အဟုတ်ပဲ၊တကယ်ပဲ၏အတိုကောက်။
Tuesday, May 13, 2014
အမေ့မွေးနေ့
အမေ့မွေးနေ့
အေးချမ်းမေက ကောင်းကင်ဘုံက နားတစ်စုံ သီချင်းကိုဆိုသလို ကိုယ့်အမေကိုယ်သတိရစရာတစ်ခုခုလိုသလား။ သူ့သဘောသူဆောင်ပြီး သူ့သက်တမ်းသူနေသွားသူတစ်ယောက်အတွက် ကျန်ရစ်သူပီသစွာ ဘုန်းကြီးကျောင်းမှာ သင်္ကန်းကပ်၊လှူဖွယ်ဝတ္ထုကပ်ပြီးသကာလမှာအဖေ့ဆီဖုန်းဆက်လိုက်တယ်။ အဖေက လွန်ခဲ့တဲ့ အနှစ်လေးဆယ်က သူ့ဇနီးဖြစ်လာမယ့် မမကြီးနဲ့အတူ သူငယ်ချင်းတွေစုပြီး ဆီချက်ခေါက်ဆွဲသွားစားကြတဲ့အကြောင်း၊ သံဗူးဖျော်ရည်ကို ရေခဲတုံးနဲ့သောက်တဲ့အကြောင်းပြောတော့၊ ငါ့အဖေက တယ် အီမိုပါလားထင်လာမိတယ်။ အမေကြာ်ကျွေးတဲ့ ကြာဆံကြော်အကြောင်းပြောတော့၊ ငါက ဆနွင်းမပါဘဲ ဖြူစုတ်စုတ်ဖြစ်နေတာကိုပြောတာလားဆိုတော့ သား၊အဖချင်း နည်းနည်းမိတ်ပျက်သလိုဖြစ်သွားတယ်။ ငါ့အစ်ကိုကိုငါဖုန်းဆက်တယ်။ အမေ့အတွက် တစ်ခုခုလှူဖို့ပြောလိုက်တယ်။ ဘိုးတော်က ငါ့ကို ငါ့အမေအတွက် ဆုတောင်းပေးပါလို့ပြောတယ်။ ငါထင်တာတော့ ဒါတွေက အပိုတွေပဲ။ သူ့ကံနဲ့သူ လက်မှတ်ဖြတ်ထားပြီးတဲ့ခရီးကို သူသွားတာမှာ ငါတို့က သတိရရုံပဲရှိတယ်။ ကျန်တာတွေက အပိုအလုပ်တွေ။ အဖေကတော့ အမေ့မွေးနေ့အမှတ်တရ သူ့မိတ်ဆွေတွေကို ကြာဆံကြော်ကြော်ကျွေးလိုက်တယ်ပြောတယ်။ လူတွေအသက်ကြီးလာရင်ပိုခံစားတတ်လာတယ်ထင်တယ်။ ဒါကို သွားနောက်မိရင်လည်း အလကားနေရင်းရန်ငြှိုးဖွဲ့ကုန်တာပဲအဖတ်တင်မယ်ဆိုပြီး ငြိမ်နေလိုက်ရတယ်။ မေလမို့ စိပ်ပုတီးစိပ်ဖို့၊ ဘုရားကျောင်းသွားဖို့တွေမပြောရင်ပြီးတာပဲဆိုပြီး ခွင့်လွှတ်ထားလိုက်တယ်။ အမေက ပျော်ရွှင်တတ်သူပဲ။ အစားအသောက်နဲ့ကိုးရီးယားကားကိုခုံမင်သူပဲ။ မိဘဆိုတဲ့ ဗီတိုအာဏာ မသုံးတဲ့သူ။ ချစ်ခြင်းတရားနဲ့ပဲ သူ့ဘဝသူနေသွားတယ်။ သူနဲ့ငါတို့ရဲ့ ဆက်ဆံရေးမှာ အဖုအထစ်မရှိဘူး။ စလိုက်နောက်လိုက်၊ပျော်ရွှင်လိုက်ပဲ။ မပြည့်စုံတဲ့ဘဝ၊ ပြည့်စုံတဲ့ဘဝ၊ ဘယ်နေရာမှာမဆို ပျော်သလိုနေခဲ့တယ်။ အမေဆုံးသွားပေမယ့် သူ့ရဲ့ ချစ်ခြင်းတရားဟာ ဆက်ရှိနေတယ်လို့ ငါထင်တယ်။ မနေ့က အမေရေးလိုက်တဲ့ စာဟောင်းတစ်စောင်ကို ပြန်ဖတ်ရင်း သတိရလိုက်သေးတယ်။ ခံစားချက်ဆိုတာမျိုးက ကြာကြာမွေးထားဖို့မဟုတ်ဘူး။ သတိရလည်း ဥပေက္ခာနဲ့ယှဉ်တဲ့ မေတ္တာပဲဖြစ်ရမယ်လို့ငါထင်တယ်။ ချစ်ခင်သူတွေအတွက် ဒဏ်ရာမရအောင်နေဖို့ ကြိုးစားနေရမယ်။ မဟုတ်ရင် ရှင်သန်မှုဟာ ဘယ်လိုလုပ် တန်ဖိုးရှိမှာလဲ။ အခုတလော အမေအသက်ရှင်စဉ်တုန်းက ကြိုက်ခဲ့တဲ့အစားအစာလေးတွေ ရွေးစားပေးနေတယ်။ တကယ်လို့များ လှမ်းမြင်ရတဲ့ ဘုံဘဝတစ်ခုခုရောက်နေရင် သူ့ရဲ့သား ယောနိသောမနသီကာရလေးနဲ့ အိပ်ပျော်စားဝင်နေတာမြင်ရင် အမေလည်းပျော်နေမှာပါ။ ဒါတွေကို အဖေနားလည်အောင် ပြောမနေတော့ဘူး။ ဆုံးသွားတဲ့သူတစ်ယောက်အတွက် ဝမ်းနည်းမှ နည်းမှန်လမ်းမှန်ဖြစ်တယ်လို့ အဖေထင်ရင်တော့ ဒါအဖေရွေးတဲ့လမ်းပဲ။ တစ်ခါတစ်ခါ အဖေ့ဝမ်းနည်းနေပုံက အမျိုးရင်းဖြစ်တဲ့ သားနှစ်ယောက်ထက်ပိုနေတာမြင်တော့ မယ်ဘော် တယ်ကဲတာပဲထင်ထင်နေတယ်။ တရုတ်တွေလို ဒီဘက်ကမီးရှို့လိုက်လို့ ဟိုဘက်မှာသွားပေါ်နေရင် ကြေးအိုးဆီချက် နှစ်ပွဲလောက် ရှို့ပြီး ပို့ပေးလိုက်ချင်တယ်။ ဇနီးသည်က ရွှေသင်္ကန်းကပ်ရင်း ယောက်ခမအတွက် ဆုတောင်းပေးတော့၊ ဟိုမှာတော့ လမ်ဘိုဂီနီ စီးနေလောက်ပြီလို့ပြောလိုက်သေးတယ်။ အမေ့မွေးနေ့တို့၊အမေ့ရက်လည်တို့နားမှာ အဖေနဲ့စကားပြောရတာခက်တယ်။ ဟိုတလောက သူ့ဇနီးလက်ရာ အပျံစားဆိုတော့ ငါက အပျံဆားဖြစ်ရမယ်။ ဆားအမြဲငန်တယ်ပြောတော့ ဘိုးတော် စိတ်ကွက်သွားတယ်။ ဘာပဲဖြစ်ဖြစ်ပါ သူ့မိန်းမ သူချစ်တာ အပြစ်မဟုတ်ပေမယ့်၊ သားသမီးအရင်းတွေထက်တော့ အကဲမပိုတာကောင်းမယ်လို့ ဘိုးတော်ကို ငါ သတိပေးရဦးမယ်။
(အမေ့ကိုအဖေက ကချင်လို အနူးလို့ခေါ်တယ်။ ANU ဆိုပြီးစာရေးလေ့ရှိတယ်။ အဲဒါကို ငါတို့က အနူလို့ခေါ်တာဆိုပြီးနောက်ခဲ့ကြတာမှတ်မိသေးတယ်။ Nu ဆိုတာ ကချင်လို အမေဆိုတဲ့အဓိပ္ပာယ်ပဲ။ အဘွားကတော့ Hkai။ အဘိုးကတော့ စောစောသေသွားလို့ ဘယ်လိုပေါင်းတယ်မသိဘူး။ ဟိုင်းဂျီလို့ခေါ်တယ်ထင်တယ်။)
ပျော်ရွှင်စရာကောင်းတဲ့ ဘုံဘဝမှာ မြင့်မြတ်တဲ့ တရား အသိရှိတဲ့သူ ဖြစ်နိုင်ပါစေလို့ပဲ ဆုမွန်ကောင်းပို့သလိုက်ပါတယ်။ ။

Monday, January 27, 2014
ဘဝထဲက ကဗျာ။
ဘဝထဲက ကဗျာ။
အိမ်ဈေးတွေဘယ်လိုပြောင်းပြောင်း၊
မတတ်နိုင်မှုတွေဟာ
ပြောင်းမသွားဘူး။
မြစ်တွေကို ဆန်တက်မယ်။
တောင်တွေပေါ်တွယ်တက်မယ်။
အဲဒီလို ခက်ခက်တွေမဟုတ်သေးဘူး၊
အခက်ဆုံးတွေ မလွယ်သေးတာထားပါတော့၊
အလွယ်ဆုံးတွေ ခက်နေတာတော့ သိပ်ခက်တာပဲ။
"ကောင်းကင်တမွတ် ကြယ်ကိုဆွတ်"ဆိုတဲ့
ကဗျာကို ဆိုခဲ့မိတာ ငါတို့ ဟုတ်ရဲ့လား ပြန်ပြန်တွေးနေမိတယ်၊
မြစ်တွေကို ကာကွယ်ရ၊
တောင်တန်းကို ကာကွယ်ရ၊
သူ့နိုင်ငံသား သံမှုန့်စားက သံလူသားလို ပျံတက်သွားတာမော့ကြည့်ရ၊
ဒို့ဓားတုံးများ အမှိုက်ပုံခြေရင်းမှာ ဇာတိမာန်တက်ကြွနေတာလည်းမြင်ရ၊
ကျွန်တော်တို့ပြတင်းပေါက်လေး၊ ကျဉ်းသထက်ကျဉ်းသွား၊
အစာအိမ်နံရံတွေ ကျဉ်းသထက်ကျဉ်းသွား၊
ဆင်းရဲသားဝင်ငွေနဲ့
သထေးရောဂါရထားတဲ့မြို့ကလေးတွေမှာ
ဆာဘွဲ့ရ ဆိုက်ကားသမားဟာ
လမ်းပြောင်းပြန်နင်းနေရတုန်းပဲ။
တကယ်ပါ၊ ပျော်တတ်မယ်ဆို တကယ့်ကို ပျော်စရာကြီး .............။ ။

Subscribe to:
Posts (Atom)